နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် အမဖြစ်သူနှင့် တွေ့ ဆုံမေးမြန်းချက်
(Ayeyarwady သတင်းဌာနမှ ကူးယူဖော်ပြပါသည်။)
https://images.app.goo.gl/HhVT2u1rHc7t4aS69
မီဒီယာ ။ ။ မနေ့က ဖြစ်စဉ် အခြေအနေကို ရှင်းပြပေးပါဦး။
ဒေါ်မြသတိုးနွယ် ။ ။ ရဲတွေ ရှေ့တိုးလာတယ်။ မီးသတ်ကားတွေလည်း ရှေ့တိုးလာတယ်။ ပြည်သူလူထုတွေ အကုန်နောက်ဆုတ်၊ နောက်ဆုတ်နဲ့ ကျမတို့က လမ်းဘေးမှာ ကပ်ပြီးတော့ ကြည့်နေတာပေါ့။ ရဲတွေက သူတို့စည်းထဲကို ပြန်ဆုတ်လာတဲ့အချိန် ပြည်သူတွေက ခဲတွေနဲ့ ရေသန့်ဗူးတွေနဲ့ ဝိုင်းပေါက်လို့ ကျမတို့က မှန်မှာဆိုးလို့ လိုင်းပေါ်မှာ တွေ့တဲ့အတိုင်းပဲ အဲဒီနောက်လေးမှာ ကွယ်ပြီး ဝင်နေတာပါ။ နေနေပြီးတော့ ကိုယ့်ဟာကို အပစ်အခတ်သံတွေကြားတော့ မိုးပေါ်ထောင်ပစ်နေတယ်လို့ပဲ ထင်တာ။
ကြားရတဲ့အချိန်မှာ သွားရအောင် ဆိုပြီး ပြန်လှည့်တဲ့ အလှည့်မှာ အပစ်ခံလိုက်ရတာပါ။ ကိုယ့်ကိုလည်း ပစ်တာလို့ မထင် ပါဘူး။ ညမလေး ဒေါသထွက်လို့ လဲသွားတယ်လို့ပဲ ထင်တာပါ။ လူတွေဆွဲကူ၊ ဆွဲခေါ်ဆိုတော့မှ ဆိုင်ကယ်ဦးထုတ်ကို ချွတ်ချွတ် မူးနေတယ်ဆိုပြီးတော့မှ ဆိုင်ကယ်ဦးထုတ် ချွတ်လိုက်တော့မှ ခေါင်းမှ သွေးတွေ ပန်းလာတော့မှ မှန်မှန်း သိတာပါ။
အဲကျတော့မှ လူတွေက အကုန်စုပြီး ကလေးကို ခေါ်သွားတော့မှ ဘယ်ကနေ ဘယ်လိုလုပ် ဒီရောက်လာမှန်းတောင် မသိတော့ပါဘူး။
မီဒီယာ ။ ။ လက်ရှိ လူနာရဲ့ အခြေအနေလေး ပြောပြပါဦး။
ဒေါ်မြသတိုးနွယ် ။ ။ ကျမ ညမလေး အခြေအနေက ၁၀၀ မှာ ပြန်ကောင်းဖို့က ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်ရှင်။ အခုထိ ဘာမှကို မဖြစ်သေးပါဘူး။
မီဒီယာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမတို့ မိသားစုအနေနဲ့ ဘယ်လို ခံစားရပါသလဲ။
ဒေါ်မြသတိုးနွယ် ။ ။ ကြေကွဲရတာပေါ့ရှင်။ ကျမတို့မှာ အမေတယောက်ပဲ ရှိတော့တာပါ။ အဖေကလည်း ဆုံးသွားပါပြီ။ မောင်နှမ ၄ ယောက်မှ ကျမက အကြီးဆုံးပါရှင်။ ညမလေးက အငယ်ဆုံးပါ။ အငယ်ဆုံး ညမလေးက ဒီလို ဖြစ်သွားတာဆိုတော့ မအေ တယောက် အနေနဲ့လည်း မခံစားနိုင်ဘူးပေါ့။ ကျမတို့မှာ ဒီညမလေး တယောက်တည်း ရှိတာဆိုတော့ မခံစားနိုင်ဘူးပေါ့။ ပြောလို့ မတတ်နိုင်အောင်ပါဘဲ(ငိုလျက်)။
မီဒီယာ ။ ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတဲ့ အခြားပြည်သူတွေလည်း ရှိတော့ ဘာပြောချင် လဲ။
ဒေါ်မြသတိုးနွယ် ။ ။ ပြည်သူလူထုကို ပြောချင်တာကတော့ ဒီစစ်အာဏာရှင်စနစ်ကို တော်လှန်တယ်ဆိုတာ တဦး ကောင်း၊ တယောက်ကောင်း အတွက်လည်း မဟုတ်ပါဘူး။ တပါတီခေါင်းဆောင်တခု အတွက်လည်း မဟုတ်ပါဘူး။ ဒီစစ် အာဏာရှင်စနစ်က အမျိုးသားအားလုံးနဲ့ သက်ဆိုင်တဲ့ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုလည်း သိစေ ချင်ပါတယ်။ ဒါကို ကမ္ဘာက သိအောင်လည်း ဝိုင်းဝန်းပြီးတော့ ကူညီစေချင်ပါတယ်ရှင်။
အကုန်လုံး ကူညီပေးကြပါလို့။ အားလုံးဟာ တဦးကောင်း၊ တယောက်ကောင်း အတွက် မဟုတ်ပါဘူး။ ကျမတို့ ကောင်းဖို့ အတွက်လည်း မဟုတ်ပါဘူး။ ကျမတို့ သားစဉ်မြေးဆက် အဆက်ဆက် ကောင်းဖို့ ဒီဟာချည်းကို အမြစ်ပြတ် တော်လှန်နိုင်မှသာလျှင် ကောင်းကျိုးတွေ ဖြစ်လာမှာပါလို့။
မီဒီယာ ။ ။ အမအနေနဲ့ ဘာဆက်လုပ်ဖို့ စဉ်းစားထားပါသလဲ။
ဒေါ်မြသတိုးနွယ် ။ ။ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲဆိုတော့ ကျမကတော့ ဆက်ပြီးတော့ တော်လှန်သွားမှာပါ။ ကျမ ညမလေး ဒီလိုဖြစ်ရကျိုးနပ်အောင် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ဖြစ်သွားအောင် တိုင်းသူပြည်သူတွေရော ပြည် သူလူထုအားလုံး ဝိုင်းဝန်းပြီး ကာကွယ်ပေးကြပါလို့။ ဒီဟာကြီးကို ဆက်ပြီးတော့ တော်လှန်ပေးကြပါ။ အပြစ်ပြတ်သွား အောင် လုပ်ပေးပါလို့ ပြောချင်ပါတယ်။ ကမ္ဘာက သိအောင်လည်း ကြေညာပေးကြပါ။ ကမ္ဘာကလည်း ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
မီဒီယာ ။ ။ အမတခုပါပဲ။ ဟိုဟာလေ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ်မှာ ဒီလို ပစ်ခတ်တဲ့အပေါ်မှာ ဘယ်လို သဘောထား ပေးချင်ပါသလဲ။ ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အပေါ်မှာ။
ဒေါ်မြသတိုးနွယ် ။ ။ ဒါကတော့ အသိသာကြီးပါ။ လိုင်းပေါ်မှာ တက်နေတဲ့အတိုင်း ကျမတို့ ညီအမ နှစ်ယောက်က ဒီလမ်းလယ်ခေါင်ကြီးမှာလည်း မဟုတ်ပါဘူး။ သူတို့တားထားတဲ့ စည်းကိုလည်း မကျော်ပါဘူး။ ကျမတို့ ပြန်လှည့်မယ့် အလှည့် သူတို့ကို ဘာမှလည်း မလုပ်ရပါဘူး။ ပစ်ခတ်နေလို့ ကိုယ့်ကို မှန်မှာဆိုးလို့ ပြန်လှည့်တဲ့ အလှည့်မှာ အားလုံး သိပြီးသားပဲ ဖြစ်မှာပါ။ ကျမ ညမ ခေါက်ကနဲ လဲသွားတာပဲ။
မီဒီယာ ။ ။ ကလေးမလေးကို ဘာဆက်လုပ်မှာလဲ။
ဒေါ်မြသတိုးနွယ် ။ ။ သူက ခွဲစိတ်လို့ရတဲ့ အခြေအနေလည်း မဟုတ်တော့ပါဘူးနော်။ အဲဒါပါပဲ။
No comments:
Post a Comment